မူဆယ် မတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကလေးငယ်များ အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာဖတ်သည့်အလေ့အထတိုးပွားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ ဆက်လက်၍ စာကြည့်တိုက်မှူးက ပုံပြင်ပြောပြပြီး ကလေးများက အလှည့်ကျပုံပြင်ပြောခဲ့ကြသည်။ ယင်းနောက် အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ လူငယ်ရေးရာ နံရံကပ်စာစောင်များပြသခြင်း၊ အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ Mini Museum ရှိ တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများကို ပြသပေးရာ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)