ကျောက်မဲခရိုင် Community Centre ၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျောက်မဲ မတ် ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကျင်းပရခြင်းမှာ လူငယ်များစာကြည့်တိုက်နှင့် ရင်းနှီးစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်မြင့်မားလာစေရန်နှင့် စကားပြောစွမ်းရည်ကြွယ်ဝပြီး လူမှုအဖွဲ့အစည်းများနှင့် ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောက်မဲမြို့ စာပေချစ်မြတ်နိုးသူအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ မြင့်အောင်မြင့် (ကျောက်မဲ) က ၎င်းရေးသားသည့် “ရင်ထဲကဂုတ်ထိပ်” စာအုပ်ကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးစိုင်းထွန်းသိန်းက စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် “ကျွန်မစာတတ်ချင်သည်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် ဒေသခံ စာပေဝါသနာရှင် လူငယ်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)