ပုသိမ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ရာ စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များက စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါသွေးလှူဒါန်းပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ က စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)