ကျုံပျော် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် မစိုးရိမ်ကျောင်းတိုက်ရှိ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို မတ် ၂၀ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျောင်းတိုက်ရှိ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။
ဦးစွာ စောင်းပညာရှင် ဦးညီညီအောင်နှင့် တေးသံရှင် ခြူးခြူးတို့က အန္တငါးဖြာသီချင်းဖြင့် ဂုဏ်ပြုပူဇော်ကြသည်။ ထို့နောက် သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်၏ အထုပ္ပတ္တိကို ဗုဒ္ဓဝါဒီဆရာတော် ဘဒ္ဒန္တကုန္ဒက က ဖတ်ကြားသည်။
ထို့နောက် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆပ်တော်အား ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံ ထပ်ဆင့် ဆက်ကပ်လှူဒါန်းပြီး၊ မင်းကျောင်းဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အလှူရှင်အသီးသီးတို့က သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ အသောကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကေသရာစာရထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)