တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

ပုသိမ် မတ် ၂၁

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယမန်နေ့နံနက် (၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ဦးကျော်ဝင်းနိုင်၊ လေးမျက်နှာမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ကို ဦးခင်မောင်ဝင်း၊ အိမ်မဲမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)က အမည်စာရင်းတင်သွင်းပြီး ပုသိမ်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်ထွန်းဇော်က ထောက်ခံသည့်အတွက် လေးမျက်နှာမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်ဝင်းနိုင်ကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာခဲ့သည်။

ထို့နောက် သဘာပတိ ဦးကျော်ဝင်းနိုင်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ သဘာပတိအဖြစ်လည်းကောင်း လွှတ်တော်ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကာ သဘာပတိက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်သည့်အစီအစဉ်တွင် ဦးသိန်းထွန်း ကျောင်းကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ကို ဦးမြင့်ကြိုင်၊ ကျုံပျော်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)က အမည်စာရင်းတင်သွင်းပြီး ဦးစန်းမင်း၊ လပွတ္တာမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)က ထောက်ခံခဲ့သည်။

ဥက္ကဋ္ဌလောင်းအမည်စာရင်းတင်သွင်းခံရသူ တစ်ဦးတည်းသာရှိသဖြင့်  ဦးသိန်းထွန်း ကျောင်းကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း သဘာပတိက ကြေညာခဲ့သည်။

ဆက်လက်၍ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်သည့်အစီအစဉ်တွင် ဦးစောသက်နိုင်ဦး၊ ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁)နှင့် ဦးသိန်းလွင်၊ ဇလွန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)တို့ကို ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် တစ်ဦးထက်ပို၍ အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေပါ သတ်မှတ်နည်းလမ်းများနှင့်အညီ  လျှို့ဝှက်ဆန္ဒမဲပေး၍ အဆုံးအဖြတ်ရယူရာ ဦးစောသက်နိုင်ဦးက ထောက်ခံမဲအများဆုံး ရရှိသဖြင့် ဦးစောသက်နိုင်ဦး၊ ကန်ကြီးထောင့်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ကို လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း သဘာပတိက ကြေညာခဲ့သည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘာပတိမှ လွှတ်တော်ဥက္ကဋ္ဌထံသို့ တာဝန်လွှဲအပ်ခဲ့သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် ရပ်နားပြီး အစည်းအဝေးဒုတိယနေ့ကျင်းပမည့်နေ့ရက်ကို ကြိုတင်အသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လှမင်းထွဋ်(ပြန်/ဆက်)