ကျုံပျော် မတ် ၂၁
မြေဆီလွှာပျက်စီးခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်စေရန်အတွက် ကောက်ရိုး၊ ပဲမှော်တို့ကိုအသုံးပြုကာ သဘာဝမြေဩဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြိုနယ် ဘုရားကလေးဆိပ်ကျေးရွာ၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က သီးနှံအကြွင်းအကျန်များ၊ စွန့်ပစ်ပစ္စည်းများအား မြေဆွေးပုံများ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် ပေါင်းသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာများ ပျက်စီးလာပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျုံပျော်ခရိုင် မြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က မြေဆွေးပုံပြုလုပ်နည်းအကြောင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝမြေသြဇာ(ကောက်ရိုး+ပဲမှော်) မြေဆွေးပြုလုပ်ခြင်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)