ပန်းတနော် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အမျိုးသမီးများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ရောဂါဘယကင်းဝေးပြီး ပျော်ရွှင်တက်ကြွသော လူမှုဘဝပတ်ဝန်းကျင် ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့က ကြီးမှူးဖွင့်လှစ်သော အေရိုးဗစ် သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်နှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် အမျိုးသမီးများအနေဖြင့် မိသားစုဝေယျာဝစ္စများကြားမှ မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်နိုင်စေရန် အေရိုးဗစ် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့ကျစေရန်နှင့် မြို့နယ်အတွင်းရှိ အမျိုးသမီးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန် အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အေရိုးဗစ်နည်းပြများက တေးဂီတအလိုက် စနစ်တကျ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပုံနည်းစနစ်များကို လက်တွေ့သင်ကြားပြသရာ သင်တန်းသူများက တက်ကြွစွာ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် စိတ်ပါဝင်စားသည့် ဒေသခံအမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။ ပန်းတနော်မြို့နယ်အတွင်းရှိ အမျိုးသမီးများ၏ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်