သီပေါ မတ် ၂၁
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ စျေးအတွင်း လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးထားရှိခြင်း ရှိ/မရှိနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့ ညနေ ၃ နာရီက သီပေါမြို့ မြို့မစျေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊ သုံးစွဲနည်းများကို မြို့မစျေးရှိ စျေးသူ၊ စျေးသားများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရန်အောင်က လျှပ်စစ်မီးကြိုးများ၊ လျှပ်စစ်မီးခလုတ်များ၊ လျှပ်စစ်မီးအသုံးပြုခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစျေးရှိ စျေးသူ၊ စျေးသားများ၊ စည်ပင်သာယာရေးဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသ၍ လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်းနှင့် မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)