မိုးနဲမြို့နယ်၌ နွေရာသီအခြေခံ ဂျူဒိုနှင့် ကရာတေးသင်တန်း ဖွင့်လှစ်

မိုးနဲ မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ နွေရာသီအခြေခံ ဂျူဒိုနှင့် ကရာတေးသင်တန်းကို မတ်လ ၁၈ ရက်နေ့ကစတင်၍ မြို့နယ်ကမ္ဘောဇခန်းမတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ဂျူဒိုအခြေခံ၊ ဂျွန်းထိုးနည်း၊ ချုပ်နည်း၊ တိုက်နည်းနှင့် အနိုင်ယူကိုင်ပေါက်ခြင်းကိုလည်းကောင်း၊ ကရာတေးအခြေခံ အကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်း စသည့်တို့ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာစေ‌ရန်၊ အာရုံစူးစိုက်မှုကောင်းပြီး စည်းစနစ်ကျစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး သန်စွမ်းစေရန်နှင့် မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နည်းပြများက သင်တန်းသူ ၂၀ ဦးကို ၁၀ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)