ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလက်မှုလုပ်ငန်း(ခြင်းထိုးနည်းသင်တန်း)ဖွင့်လှစ်

ပန်းတနော် မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံအမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း ဖွင့်လှစ်သည့် ခြင်းထိုးနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်တာများနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများမှတစ်ဆင့် မိသားစုဝင်ငွေတိုးတက်လာနိုင်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်က အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ရေးနှင့် လူမှုဘဝတိုးတက်ရေးဆိုင်ရာ အခန်းကဏ္ဍများကို အလေးထားပြောကြားခဲ့သည်။

သင်တန်းကို သတ်မှတ်ကာလအတွင်း နေ့စဉ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြများမှ ခြင်းထိုးနည်းအခြေခံမှစ၍ အဆင့်မြင့်ဒီဇိုင်းများအထိ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် ပါဝင်တက်ရောက်သူများသည် ခြင်းထိုးပညာရပ်ကို ကျွမ်းကျင်လာခြင်းအပြင် မိမိတို့၏ ကုန်ထုတ်များကို စီးပွားရေးရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရန် လမ်းညွှန်မှုများလည်း ရရှိမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် ဒေသခံအမျိုးသမီးများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် လက်တွေ့အသုံးချနိုင်သော အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပံ့ပိုးမှုများ ဆက်လက်ပေးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ သင်တန်းများကို ပုံမှန်ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)