ဖျာပုံ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို မတ် ၂၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ ထည့်သွင်းကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမည့်အခြေအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနများက သက်ဆိုင်ရာကော်မတီများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းများအလိုက် တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)