ဟိုပုံးမြို့နယ်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာတွေ့ဆုံဆွေးနွေး

ဟိုပုံး    မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉နာရီ အချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦးက ယခုပွင့်လင်းရာသီမှာ တောမီးနှင့် အခြားမီး လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှုဟာ မြန်မာနိုင်ငံအပါအဝင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများအတွက် သိသာထင်ရှားတဲ့ ဆိုးကျိုးတစ်ခုဖြစ်ပါကြောင်း၊ အထူး သဖြင့် နှစ်စဉ် မတ်လနှင့် ဧပြီလတို့မှာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် လာအိုနိုင်ငံ အနောက်မြောက်ပိုင်းတို့မှာ အဓိကဖြစ်ပေါ်လေ့ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအနေနဲ့ မီးခိုးတွေထဲတွင်ပါဝင်သည့် အမှုန်အမွှားတွေကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုတွေမှာ ချောင်းဆိုးခြင်း၊ မျက်စိစပ်ခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ပြင်းပြင်းထန်ထန်ခံစားရတတ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် တောင်စောင်း ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအစား ရေရှည်တည်တံ့သော စိုက်ပျိုးရေး စနစ်များဖြစ်သည့် ကွန်တို/တောင်စောင်းစိုက်ပျိုးစနစ်နှင့် သီးနှံသစ်တော ရော‌နှောစိုက်ပျိုးခြင်း စနစ်ကိုကျင့်သုံးခြင်း၊ ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ်ကို ကျင့်သုံးခြင်း၊ စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများနှင့် လူနေအိမ်များမှ ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရေးနှင့် မီးရှို့ခြင်းအစား သဘာဝမြေဩဇာပြုလုပ်ပြီး ပြန်လည်အသုံးပြုခြင်း၊ သစ်တော စိုက်ခင်းများတွင်လည်း မီးမရှို့ဘဲ စိုက်ပျိုးသည့် အလေ့အကျင့်များကို ကျင့်သုံးခြင်းတို့ကို အလေးထား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြော ကြားလိုကြောင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရေး၊ Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရေးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးတို့ကို ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေမှူး ဦးမင်းသိန်းက နယ်စပ်ဖြန်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)