ရွှေသောင်ယံ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လက်စံပြကျေးရွာတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီမှ ညနေပိုင်းအချိန်ထိ ဂျိတ်လက်စံပြကျေးရွာသို့ ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ရွှေသောင်ယံမြို့ရှိ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပွဲအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပြောကြားရာ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာသူအားလုံး ရရှိရေး အလေးထားဆောင်ရွက်ကြောင်း ပြောကြားပြီး ဂျိတ်လက်ကျေးရွာတွင် ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူ (၆၅၁) ဦးကို (၃) လစာ တစ်ဦးလျှင် (၆၀၀၀၀) ကျပ်စီ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းနှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ယာယီနေရပ်စွန့်ခွာ နေထိုင်ကြသော ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)