ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကုလားပဲ ၁၄၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ကုလားပဲသီးနှံ ၁၄၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲဧက ၆၂၁၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ကာ အဆိုပါ စိုက်ပျိုးထားသော ကုလားပဲစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၁၄၅၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၂၀ ဒသမ ၅၃ တင်း ထွက်ရှိကြောင်း သိရသည်။

“ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ကုလားပဲသီးနှံ ၆၂၁၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ကုလားပဲစိုက်ခင်းတွေ အခုလက်ရှိမှာ ရိတ်သိမ်းလျက်ရှိရာ ဒီနေ့ထိ ဧက ၁၄၅၀၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ကုလားပဲသီးနှံ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး တောင်သူတွေအနေနဲ့ တိုးချဲ့စိုက်ပျိုးဖို့၊ အထွက်နှုန်းကောင်မွန်ဖို့နဲ့ မျိုးကောင်းမျိုးသန့်တွေသုံးစွဲကြဖို့ အသိပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ကုလားပဲစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ စိုက်ပျိုးရေစနစ်တကျ သုံးစွဲရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ ဓာတ်မြေဩဇာစနစ်တကျသုံးစွဲရေး၊ အထွက်နှုန်း ကောင်းမွန်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာပေးခြင်းတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုလားပဲကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံတွင်းစားသုံးမှုဖူလုံစေသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကုလားပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး