ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် ၁၀ ကြိမ်မြောက် ပျိုးဥယျာဉ် နွေရာသီကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

ငဖဲ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် နွေရာသီကျောင်းပိတ်ရက် ကာလကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်နှင့် ကွန်ပျူတာနည်းပညာများကို ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသော ၁၀ ကြိမ်မြောက် ပျိုးဥယျာဉ် နွေရာသီကွန်ပျူတာသင်တန်းကို မတ်လ ၂၀ ရက်နေ့မှစတင်၍ ဇီးတောကျောင်းတိုက်တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား နေ့စဉ်နံနက် ၇ နာရီခွဲမှစ၍ တစ်ကြိမ်လျှင် တစ်နာရီ၊ တစ်နာရီခွဲခန့်အကြာ နံနက်ပိုင်းတွင် (၂)ကြိမ်၊ ညပိုင်းတွင် (၂) ကြိမ် စုစုပေါင်း (၄) ကြိမ်ခွဲ၍ (၁) ကြိမ်လျှင် သင်တန်းသား/သူ ၉ ဦးခန့်အား နည်းပြဆရာတော်ဦးနန္ဒမာလာ(သင်တန်းတာဝန်ခံ) က Pagemaker ၊ Microsoft Word ၊ Microsoft Excel ၊ Microsoft Power Point ၊  Photoshop၊ ဗီဒီယိုတည်းဖြတ်ခြင်း နှင့် အခြားကွန်ပျူတာ နည်းပညာဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။

မိုးကုတ်နယ်လှည့်ဓမ္မကထိက ရွှေစက်တော်ဆရာတော် ဦးသုန္ဒရ၏ဩဝါဒကိုခံယူ၍ ပျိုးဥယျာဉ် ကွန်ပျူတာ ပညာဒါနသင်တန်းမှကြီးမှူးပြီး ပျိုးဥယျာဉ် နွေရာသီကွန်ပျူတာပညာဒါနသင်တန်းကို ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၀ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ သင်တန်းလာတက်တဲ့သူတွေက ၈ တန်းမှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသူနှင့် ဘွဲ့ရသူတွေဖြစ်ကြောင်း၊ ကွန်ပျူတာနည်းပညာများတတ်မြောက်ရန်နှင့် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုစေရန်အတွက် ပညာဒါနအဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းနည်းပြဆရာတော်ဦးနန္ဒမာလာက မိန့်ကြားသည်။

အဆိုပါကွန်ပျူတာသင်တန်းသို့ ဇီးတောကျေးရွာအုပ်စုမှ သင်တန်းသား/သူ ၃၅ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)