စလင်းမြို့နယ်တွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

စလင်း မတ် ၂၃

မ​ကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၊လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်အတွင်း၌ ပြုလုပ်သည်။

အဆိုပါပြပွဲတွင် သုတ/ရသစာအုပ်များအပြင် တိုင်းရင်းသားစာပေများ၊ ကလေးစာပေများဖြင့် ပညာရပ်စုံလင်စွာ ခင်းကျင်းပြသထားပြီး နံရံကပ်စာစောင်ပြပွဲ၌ စာဖတ်ခြင်းနှင့် ပတ်သက်သည့် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ၊မူးယစ်ဆေးဝါးသုံးစွဲခြင့် ဖြင့်စိတ်ကိုပြောင်းလဲစေသည့်နံရံကပ်စာစောင်၊မြေငလျင်သတိပေးချက်များ၊ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များဖြင့် ဝေဝေဆာဆာခင်းကျင်းပြသခဲ့ရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များ၊ လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုသည်။

ဆက်လက်၍ ကလေးစာဖတ်ခန်းအတွင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးမိုးသူက အခြေခံပညာမူလတန်းအဆင့် ကလေးငယ် (၂၅) ဦးအား မှတ်သားဖွယ်ရာ ပုံပြင်ပြောပြခြင်းများ၊ ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာအဖွဲ့များမှလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မောင်လွင်(စလင်း)