တာချီလိတ် ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်း ဟောင်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ အမှာစကား ပြောကြားရာတွင် အခြေခံ စားသောက် ကုန်များ ထောက်ပံ့ ပေးခြင်းကို တာချီလိတ်မြို့အပြင် ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ပြုလုပ် သွားရန် စီစဉ် ထားကြောင်း၊ ဌာနဆိုင်ရာအောက်ခြေ ဝန်ထမ်းများနှင့် ဘော်လတီယာ၊ လူမှုပရဟိတအဖွဲ့များ ကိုလည်း ထောက်ပံ့ ပေးသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ယခုကဲ့သို့ ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစား များကို ထောက်ပံ့ မှုပေးရာတွင် မြို့ပေါ်ရှိ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ထောက်ပံ့ခြင်း နိုင်ငံတော်အစိုးရနှင့် ကမ္ဘောဇဘဏ်မှ ပူးပေါင်းပြီးပြည်သူများကိုထောက်ပံ့ ပေးပြီးဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ကာလ တစ်လျောက် ဌာနဆိုင်ရာ ဝန်ထမ်းများသည် အချိန်နေရာမရွေး ရှေ့တန်းမှ ပြည်သူများအတွက် လုပ်ကိုင် ဆောင်ရွက်ပေးခဲ့ကြောင်း နယ်စပ်ဒေသ တာချီလိတ်မြို့ကဲ့သို့ နေရာတွင် တာဝန် ထမ်းဆောင် နေသော အောက်ခြေဝန်ထမ်းများသည် အခြေခံလစာဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ကို သိရှိ ရသဖြင့် ကိုဗစ်-၁၉ ကော်မတီများနှင့် ညှိနှိုင်းပြီး ယခုကဲ့သို့ ထောက်ပံ့ ရေးကို စီစဉ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကူညီထောက်ပံ့ခြင်း အစီအစဉ်တွင် အောက်ခြေဝန်ထမ်းများကို သာထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး လူဦးရေသုံးထောင်အတွက် ရာထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှသိရှိရသည်။
ယနေ့ထောက်ပံ့ မှုပေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများ စုစုပေါင်း ၃၅၀ ကျော်ရှိပြီး ဆန်၊ဆီ၊ဆား၊ကြက်သွန်နှင့်ပဲတို့ပါဝင်ကြောင်းသိရသည်။
ဆက်လက်၍ အခမ်းအနားပြီးသည့်နောက် ခရိုင်အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းဟောင်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်
ယာဆေး(ပြန်ဆက်)