ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် ဌာနဆိုင်ရာရုံးများသို့သုတ/ရသစာအုပ် စာစောင်များငှားရမ်း

ထားဝယ် မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းနှင့် မိသားစုဝင်များငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက်အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ်စာစောင်များ (၄၀၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)