ချမ်းအေးသာစံ မတ် ၂၄
မန္တလေးတိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီရှစ်ရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၌ မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက “မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို အမျိုးသားကော်မတီထံသို့ ပုံမှန်တင်ပြလျက်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိပြီး အလေအလွင့်မရှိစေရေး စနစ်တကျသုံးစွဲသွားရန်လိုအပ်ပါကြောင်း” စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီရှစ်ရပ် ဖွဲ့စည့်ထားသော တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား အသီးသီးဆွေးနွေး တင်ပြခဲ့ကြကာ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)