ဇီးကုန်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းအဖွဲ့ (ဇီးကုန်း) တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းသင်တန်း ဖွင့်ပွဲခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံမြန်မာ့သိုင်းသင်တန်း ဖွင့်ပွဲခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အသိအမှတ်ပြု သိဒ္ဓိအောင်သိုင်းပင်မနာယက ဦးညွန့်စိုးမှ မြန်မာ့သိုင်းအကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာများမှ သင်တန်းအား ဆက်လက်သင်ကြားခဲ့ကြသည်။
နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ကိုယ်ကာယသန်မာဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အခြေခံမြန်မာ့သိုင်းသင်တန်းကို မတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား ၄၀ ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
တင့်ဆွေ (ပြန်/ဆက်)