ထန်းတပင်မြို့နယ် တော်လတဲ့ကျေးရွာတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ထန်းတပင် မတ် ၂

(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တော်လတဲ့ကျေးရွာရှိ ရတနာ့ဗိမ္မာန်ကျောင်းတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို မတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားတွင် ရတနာ့ဗိမ္မာန်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တဦးဝိမလာဘိဝံသထံသို့ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အတွင်းရေးမူး ဦးရန်လင်းအောင်တို့က အသင်းဝင်ကတ်များနှင့် YMBA မှထုတ်ဝေသည့် (၃၈) ဖြာမင်္ဂလာစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ ဘောပင်များနှင့် အာဟာရဒါနအဖြစ် ကြာဇံကြော်များကို လှူဒါန်းပေးခဲ့ကြသည်။

နွေရာသီယဥ်ကျေးလိမ္မာသင်တန်းများဖြစ်သည့် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ (KG) အဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ (၃၈) ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်၊ ပြည်သူ့နီတိအခြေခံပထမအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၄၁) ဦးစုစုပေါင်းနွေရာသီယဥ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၁) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို မတ်လ (၂၂) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့အထိ နေ့စဥ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်