တွံတေးမြို့နယ်တွင် အခြေခံပန်းချီ၊ ကာတွန်းရုပ်ပုံရေးဆွဲပြိုင်ပွဲကျင်းပ

တွံတေး မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်သား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းပညာရပ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ အခြေခံပန်းချီကာတွန်းရုပ်ပုံရေးဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းနည်းပြဆရာ ဦးဝင်းထွဋ် (ဝင်းထွဋ်ဦး) က ပန်းချီရေးဆွဲသည့် အခြေခံဖြစ်သော မျဥ်းကွေး၊ မျဥ်းဖြောင့်၊ စက်ဝိုင်း၊ တြိဂံပုံများ၊ လူရုပ်အခြေခံ၊ တိရစ္ဆာန်အခြေခံ ရေးဆွဲနည်းများ၊ အခြေခံတည်ဆောက်ရေးဆွဲနည်း အကြောင်းအရာများနှင့် ဆေးရောင်စပ်နည်း၊ ဆေးခြယ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး မိမိတို့ သင်ယူတတ်မြောက်မှုကို ဆန်းစစ်ခြင်းပြုလုပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့် အတန်းနှစ်တန်းခွဲ၍ ပြိုင်ပွဲကျင်းပမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခြေခံ ပန်းချီ၊ ကာတွန်းရုပ်ပုံရေးဆွဲပြိုင်ပွဲကျင်းပရာ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ မူလတန်းအဆင့် (၁၅) ဦး၊ အလယ်တန်းအဆင့် (၁၅) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို သင်တန်းဆင်းပွဲတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်