မိုးညှင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ ကျင်းပ

မိုးညှင်း မတ် ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲကို မတ် ၂၃ ရက်နေ့ နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျောင်းသားလူငယ်များ၊ အားကစားဝါသနာရှင်များနှင့် မိဘပြည်သူများ အားကစားကို စိတ်ဝင်စားလာစေရန်၊ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်တွင် သားငယ် သမီးငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် အားကစား လှုပ်ရှားမှုများကြောင့် သက်ရှည်ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်လာစေရန်ရည်ရွယ်၍ ၎င်းသင်တန်းကို ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကြပြီးနောက် ဘောလုံး၊ စားပွဲတင်တင်းနစ်နှင့် ပိုင်ကျော်ခြင်းတို့မှ သင်တန်းဆင်းအားကစားပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ အေရိုးဗစ်(Physical Fitness Dance) သင်တန်းအဖွဲ့မှ သင်တန်းသူများက သရုပ်ပြ ကခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ကြက်တောင်ရိုက်၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်နှင့် (Physical Fitness Dance) စသည့် အားကစားနည်း ရှစ်နည်းကို ဖေဖော်ဝါရီလ(၂၃)ရက်မှ မတ်လ(၂၃)ရက်အထိ တစ်လကြာ သင်တန်းသားသင်တန်းသူ (၂၄၀)ဦးအား သက်ဆိုင်ရာ သင်တန်းနည်းပြများက သင်ကြားပေးခဲ့ ကြောင်း သိရသည်။

ရွှေမိုးညှင်း