ပန်းတောင်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၏ ပူးပေါင်းလှူဒါန်းငွေများဖြင့် မြောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ တစ်အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုဓမ္မာရုံံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကိုယ်စား ပြည်သူထည့်ဝင်ငွေများတွင် ပူးပေါင်းပါဝင်လှူဒါန်းမှုနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းတောင်းမြို့နယ်အတွင်းရှိ မြောင်ကျေးရွာအုပ်စု၊ ကျောက်တွင်းကျေးရွာ၊ အိုင်ဝင်းကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာများတွင် ဆောင်ရွက်မည့် တစ်အိမ်သုံးဆိုလာစနစ်နှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျေးရွာပြည်သူများကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက လုပ်ငန်းများ ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)