မြစ်ကြီးနား မတ် ၂၄
ကချင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ ၆၇ ဒဿမ ၈၉ ရာခိုင်နှုန်းနှင့် ဧရိယာဧက ၁၄ ဒဿမ ၉၃ သန်းရှိပြီး နိုင်ငံ့ဧရိယာ၏ ၀ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း သစ်တောသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်သစ်တောဦးစီးဌာနမှူးက ရှင်းလင်းပြောကြား ရာတွင် မြန်မာနိုင်ငံအနေဖြင့် မြောက်ဘက်တွင် ဟိမဝန္တာ၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနားဒေသ၊ တောင်ဘက်တွင် မလေးကျွန်းဆွယ်တို့အကြားကြောင့် မတူကွဲပြားသော ဂေဟအမျိုးမျိုး၊ သစ်တော အမျိုးမျိုးနှင့် ယင်းတို့ကို အမှီပြုကျက်စားသည့် ဇီဝမျိုးစုံမျိုးကွဲအများအပြားကို တွေ့ရှိရကြောင်း သိရ ပြီး ကချင်ပြည်နယ်အနေဖြင့် ပြည်နယ်ဧရိယာ၏ ၆၇ ဒဿမ ၈၉ ရာခိုင်နှုန်းနှင့် ဧရိယာဧကအားဖြင့် ၁၄ ဒဿမ ၉၄ သန်းရှိသည့်အပြင် အာဆီယံအမွေအနှစ်ဥယျာဉ် (၈)ခုအနက် ကချင်ပြည်နယ်မှ အင်းတော်ကြီးနှင့် ခါကာဘိုရာဇီ ဥယျာဉ်တို့ပါဝင်ပြီး အရှေ့အာရှသြစတြေးလျ ငှက်ပျံသန်းရာလမ်း ကြောင်း ကွန်ရက်နယ်မြေ (၈)ခု၊ ရမ်ဆာရေဝပ်ဒေသ (၇)ခုနှင့် လူသားနှင့် ဇီဝအဝန်းနယ်မြေ (၂)ခု တို့တွင် ကချင်ပြည်နယ်မှ အင်းတော်ကြီးဒေသ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် သစ်တောဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း သစ်တောသယံဇာတထိန်း သိမ်းရေးအတွက် သစ်တောကြိုးဝိုင်း (၅၉)ခု၊ ကြိုးပြင်ကာကွယ်တောအနေဖြင့် (၃၉)ခု ရှိပြိး ဖွဲ့စည်း တည်ထောင်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၉)ခုရှိကြောင်း သိရပြီး ဗန်းမော်ခရိုင်တွင် မိုးစစ်ကြိုးပြင်ကာကွယ်တောနှင့် နန့်ဖားကြိုးပြင်ကာကွယ်တော၊ မိုးမောက်မြို့နယ်အတွင်း တာပိန် ဆည် ရေဝေရေလဲ ကြိုးပြင်ကာကွယ်တော၊ ဝိုင်းမော်မြို့နယ်တွင် ဝါရှောင်တိုးချဲ့ကြိုးပြင် ကာကွယ် တောအဖြစ် စုစုပေါင်း ကြိုးပြင်ကာကွယ်တော (၄)ခုကိုလည်း တိုးချဲ့ဖွဲ့စည်းထားနိုင်ခဲ့ကြောင်း ၎င်း၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။
ထို့အတူ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀၊ ၂၀၂၅ ခုနှစ် အတွင်း ကိန်းဂဏန်းအချက်အလက်များအရ တဖြည်းဖြည်း လျော့ကျလာခြင်းကြောင့် ရေရှည် သားစဉ် မြေးဆက်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူလူထု ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားသင့်ကြောင်းနှင့် နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းကျော်မှ ၅၀ ရာခိုင်နှုန်း ကျော်ရောက်ရှိအောင် ရည်မှန်းထားဆောင်ရွက်လျက်ရှီကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)