ငဖဲ မတ် ၂၄
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပညာရေးမှူးဦးကျော်ဝင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွား ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ကျောင်းသားကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု ဆက်ဆံရေး၊ ပညာရည်တိုးတက်မြင့်မားရေးအတွက် တက်ရောက်လာကြသည့် ဆရာကြီး/ဆရာမကြီး များအနေဖြင့် စိတ်ပါဝင်စားစွာဆွေးနွေး သွားကြရန် ပြောကြားသည်။
အဆိုပါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲတွင် အထက်တန်းကျောင်းအုပ် နည်းပြ ဆရာကြီး/ ဆရာမကြီး ၃ ဦးက သင်တန်းသားဆရာကြီး ၊ဆရာမကြီး ၅၄ ဦးတို့အား ကျောင်းသားကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာအကြောင်းအရာများကို မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၃ ရက်ကြာ အကျယ်တဝင့် ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲကို ကျောင်းများနှင့် အခြားသောပညာသင်ယူရာဌာနများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်းကို တစ်ကျောင်းလုံးနှင့်သက်ဆိုင်သည့် ပုံမှန်လုပ်ငန်းတစ်ရပ်အနေဖြင့် စနစ်တကျနှင့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊အရေးပေါ်အခြေအနေများနှင့် အခက်အခဲအကျပ်အတည်းကာလများတွင် လိုအပ်လာပါက ကျောင်းသားကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှုအချိန်မီပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)