ကျွန်းစု မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ရာသီဥတုပူပြင်းသည့်ကာလများ၌ စက်သုံးဆီများကို မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ သိုလှောင်ရောင်းချနေမှု ရှိ၊ မရှိ၊ မီးသတ်ဆေးဘူးများ တပ်ဆင်အသုံးပြုနေမှု ရှိ၊ မရှိ စစ်ဆေးခဲ့သည်။
ထို့နောက် စက်သုံးဆီအရောင်းဆိုင်ရှင်များနှင့် အကူရောင်းချပေးသူများအား အရေးပေါ်မီးဘေး အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက မီးသတ်ဆေးဘူးများဖြင့် မီးကို စနစ်တကျ ငြှိမ်းသတ်ရမည့်နည်းလမ်းများ၊ မီးသတ်ဆေးဗူးများ သက်တမ်းလွန်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးရေး အတွက် အထူးဂရုပြုကြစေရန်၊ မိမိတို့၏ စက်သုံးဆီ လက်လီ၊ လက်ကားရောင်းချပေးနေမှုအပေါ် မူတည်၍ လုံလောက်ကောင်းမွန်သော မီးသတ်ဆေးဗူးများ ဝယ်ယူထားရှိကြစေရန် သဲကန်၊ ရေကန်များကို စနစ်တကျ ထားရှိဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့သည်။
ထက်မြင့်(ကျွန်းစု)