ပြင်ဦးလွင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် မတ် ၂၄

ပြည်သူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ ကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်တွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၅ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက် ကြီး(၁)၊ မန္တလေး-လားရှိုးလမ်း၊  DK Delivery Service Center ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးအေးစိုး(ဇင်ယော်)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့်ဆောင်ရန်၊ ရှောင်ရန်များ၊ “ချစ်တတ်သူတွေအသက်ရှည်ပါစေ”‌ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ယာဉ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပြင်ဦးလွင်မြို့ DK Delivery Serviceမှ ၀န်ထမ်းများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)