ပခုက္ကူ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းအဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း(မြစ်ကိုင်း)၌ ဖွင့်လှစ်ပို့ချသည်။
သင်တန်းတွင် ပခုက္ကူခရိုင် ပညာရေးမှူး ဦးနိန်ဟုန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြများက တစ်ဦးချင်းမိတ်ဆက်ကြပြီး သင်တန်းများဖွင့်လှစ်ပို့ချသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၇၇)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီးများ တက်ရောက်သင်ယူကြမည်ဖြစ်ပြီး နည်းပြဆရာ ဆရာမ(၁၅)ဦးက မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ “စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး၊ ကျန်းမာပျော်ရွှင်မှုနှင့် စိတ်ဖိစီးမှုဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်နည်း၊ ဆက်သွယ်ပြောဆိုမှုနှင့် နားထောင်မှုပညာ၊ ဘေးကင်းလုံခြုံပြီး ကာကွယ်စောင့်ရှောက်မှုပေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးနည်း၊ ဆရာ ဆရာမများ၏ မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်နည်းနှင့် ကိုယ်စိတ်ကျန်းမာပျော်ရွှင်စွာပြုမူနေထိုင်နည်း၊ အပြုသဘောဆောင်သော စည်းကမ်းချက်များနှင့် ဘာသာရပ်များအားလုံး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း” စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)