ထားဝယ်မတ် ၂၄
၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းဇော်မြင့်က ယခုနှစ်မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေး အတွက်ဒုတိယအကြိမ်ညှိနှိုင်းသည့်အစည်းအဝေးဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၏ အခက်အခဲများအပေါ် တင်ပြဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်သုံးဆီသုံးစွဲမှု ခြိုးခြံချွေတာရေးကို ရည်ရွယ်ပြီးပြုလုပ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကိုယခင်နှစ်များထက်ပိုမို၍ စည်ကားစွာကျင်းပနိုင်ရေးနှင့် အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် အခက်အခဲများအား တင်ပြဆွေးနွေးပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့်အခမ်းအနားပြင်ဆင်ရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ/ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့်ဆုချီးမြှင့်ရေး၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေး၊ သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပွဲ ကျင်းပရေး၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာလက်ဖက်များစားသုံးမှုဓလေ့ထိန်းသိမ်းမြှင့်တင်ရေး၊ လုံခြုံရေးနှင့်စည်း ကမ်းထိန်းသိမ်းရေး၊ ဘဏ္ဍာရေးစသည့်လုပ်ငန်းများ အလိုက်ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးခေတ္တဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)