အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

အလုံ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ဆင်မင်းရပ်ကွက်ရှိ သိပ္ပံလမ်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၃ ဒေါ်အေးအေးဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus) ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများကာကွယ်နိုင်ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ် (abate) ဆေးခတ်ခြင်း၊‌ ဆေးမှုတ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၏ ကြီးကြပ်မှုဖြင့် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့များဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)