မင်းဘူး မတ် ၂၅
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ မင်းဘူးမြို့နယ်ပညာရေးမှူး ဒေါ်စုစုအောင်က စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ကျောင်းသားကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး၊ ပညာရည်တိုးတက်မြင့်မားရေးအတွက် စိတ်ပါဝင်စားစွာဆွေးနွေးသွားကြရန် ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် မင်းဘူး(စကု)မြို့နယ်မှ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်သင်ပညာရေးကျောင်းများမှ ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများဖြစ်သော သင်တန်းသားဆရာ ၆၃ ဦး၊ ဆရာမ ၁၁၁ ဦး စုစုပေါင်း ၁၇၄ ဦး တို့အား ကျောင်းသားကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများကို မတ် ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲကို ကျောင်းများနှင့် အခြားသောပညာသင်ယူရာဌာနများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်းကို တစ်ကျောင်းလုံးနှင့်သက်ဆိုင်သည့် ပုံမှန်လုပ်ငန်းတစ်ရပ်အနေဖြင့် စနစ်တကျနှင့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အရေးပေါ်အခြေအနေများနှင့် အခက်အခဲအကျပ်အတည်းကာလများတွင် လိုအပ်လာပါက ကျောင်းသားကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှု အချိန်မီပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)