ကြည့်မြင်တိုင် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနရုံးက မိုဘိုင်းလက်ကိုင်ဖုန်းများ တရားမဝင်တင်သွင်းမှုမှ တားဆီးကာကွယ်ရေးအတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်(Central Equipment Identity Register-CEIR) စတင်အသုံးပြုခြင်း အခွန်ပညာပေးရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အုန်းက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသုံးချ၍ မိုဘိုင်းလက်ကိုင်ဖုန်းများ၏ မူရင်းအမှတ်အသားကို စစ်မှန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အခွန်အကောက်ဆိုင်ရာကိစ္စရပ်များနှင့် အခွန်ပေးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို Online စနစ်ဖြင့် အလွယ်တကူဆောင်ရွက်နိုင်ခြင်းနှင့် မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်း၌ စိတ်ချယုံကြည်စွာအသုံးပြုနိုင်ခြင်း စသည့်တို့ကို အသိပညာပေးရှင်းလင်းသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)