မိုင်းယောင်းမြို့တွင် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းယောင်း မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၄ ရက်က ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်က လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကားဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း အမှာစကားပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က လမ်းလျှောက်သင်္ကြန် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာသူများက လမ်းလျှောက်သင်္ကြန်ကို အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ဆွေးနွေး၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားသည်။

ထို့နောက် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗလမင်းထင်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးက ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် တက်ရောက်သည်။ ထို့ပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း