သုံးခွမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန သိုလှောင်ရုံ  ဖွင့်ပွဲအခမ်းအနားကျင်းပ

သုံးခွ  မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အမှတ် ၁၁ ရပ်ကွက် မာဃလမ်းတွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး သိုလှောင်ရုံ အဆောက်အဦး ဖွင့်ပွဲအခမ်းအနားကို  မတ်၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ပထမဦးစွာ နိဗ္ဗာန်ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူပြီး ဆရာတော်များက ဘေးအန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပြီး၂၄ပစ္စည်းပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး‌နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေသည်။ ယင်း‌နောက် ရုံးဆိုင်းဘုတ်အား တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးက အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးသည်။ အဆိုပါ အ‌ဆောက်အဦးသည် အာရ်စီနှစ်ထပ် အလျား ပေ ၅၀ ၊ အနံပေ ၃၀ ၊ အမြင့်၂၈ ပေ ဖြစ်ပြီး SHINE LAT ကုမ္မဏီက တာဝန်ယူ တည်ဆောက်ခဲ့ကြောင်းသိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး သိုလှောင်ရုံအဆောက်အဦ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်ဦးစီးမှူး ဒေါက်တာ‌ ဇေယျာမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဝေဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်