နတ်မောက်မြို့၌ အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေးသင်တန်း ဖွင့်လှစ်ပေး

နတ်မောက် မတ် ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာနေထိုင်တက်စေရန် ရည်ရွယ်၍ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေးသင်တန်းကို မတ် ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းအနေဖြင့် နေ့စဥ်ဘဝတွင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် စိတ်ဖိစီးမှုများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် အရည်အချင်းရှိစေရန်၊ မိမိတို့၏စိတ်ခံစားချက်များကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်စေရန်၊ သူငယ်ချင်းအချင်းချင်းနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်း ကိုယ်ချင်းစာတရားဖြင့် ကူညီရိုင်းပင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျွမ်းကျင်ပညာရှင် ဆရာ/ ဆရာမများက စိတ်ကျန်းမာရေးအခြေခံဗဟုသုတများ၊ စိတ်ဖိစီးမှုလျှော့ချနည်းများ၊ လူမှုဆက်ဆံရေးအရည်အချင်းများနှင့် ကိုယ်ချင်းစာတရားခေါင်းစဥ်များကို သင်ကြားပေးလျက်ရှိရာ သင်တန်းတွင် ကျောင်းအုပ်ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၃) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း (ပြန်/ဆက်)