ပဲခူး မတ် ၂၅
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဆုတောင်းပြည် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ဘုရား၊ တရား၊ သံဃာသုံးဌာနပူဇော်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများထည့်သွားကာ မတ်(၂၇)ရက်မှ ဧပြီ(၅)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
သုံးဌာနပူဇော်ပွဲမှ ဘုရားပူဇော်ပွဲကို မြတ်ဗုဒ္ဓကိုအာရုံပြု၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ၊ ဆွမ်း၊ သစ်သီးဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ကာ အနေကဇာတင်ခြင်း ကုသိုလ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားပူဇော်ပွဲတွင် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များက ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သံဃာပူဇော်ပွဲတွင်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး သံဃာတော်အရှင်သူမြတ်အပါး(၅၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နဝကမ္မအလှူငွေများလှူဒါန်းခြင်း ကုသိုလ်များဆောင်ရွက်ပြုလုပ်သွားမည်ဖြစ်သည်။
ဆုတောင်းပြည် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား မတ်(၂၇)ရက်မှ ဧပြီ(၅)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာတွင် ပျော်ပွဲ၊ ရွှင်ပွဲ ဖျော်ဖြေရေးအစီအစဉ်များ အနေဖြင့် ဘုရားဖူးလာပြည်သူများ စိတ်အပန်းဖြေစေရန်အတွက် ဒေသထွက်ကုန်များနှင့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ထွက်ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ ရောင်းချသည့်ဈေးဆိုင်ခန်းများ၊ ဇာတ်သဘင်ပွဲများ၊ ကစားကွင်းများဖြင့် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်းအတွင်းတွင် ဈေးဆိုင်ခန်းများ၊ “ကစားကွင်းများအပြင် စွမ်းသုံးစွမ်းရွှေလာဘ်ငွေလာဘ်သဘင် ဇာတ်အဖွဲ့၊ စမ်းရေမိုးဇာတ်သဘင်အဖွဲ့၊ “သူရဝင်းထွဋ်ဇာတ်သဘင်”အဖွဲ့၊ “မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင်"အဖွဲ့တို့ကလည်းကောင်း၊ သာသနာ့ဗိမ္မာန်ကြီး၏ မြောက်ဘက်ကွင်းတွင် “အောင်ဇမ္ဗူဇာတ်သဘင်" အဖွဲ့နှင့် ပဒေသာကပွဲများ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)