သဲကုန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ အမြင့်ဆုံးသာသနာပြုဘွဲ့တံဆိပ်ဖြစ်သော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆပ်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တဝိစာရဉာဏအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

သဲကုန်း မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရမှ အမြင့်ဆုံးသာသနာပြုဘွဲ့တံဆိပ်ဖြစ်သော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆပ်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တဝိစာရဉာဏ (ပူတာအိုဆရာတော်) အရှင်မြတ်အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မင်းလှအုပ်စု၊ ကျားပင်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်အား ငါးရွာဂေါစရမ်မှ ဒါယကာ၊ ဒါယိကာမများမှ သိက္ခာထပ် ရဟန်းခံကြပြီး ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ဖိတ်ကြားထားသော ရပ်နီး၊ ရပ်ဝေးမှဧည့်ပရိတ်သတ်များ၊ ဒါယကာ၊ ဒါယိကာများက နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော် ဘုရားကန်တော့၍၊ မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော် ဘဒ္ဒန္တသြသဓထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး၊ ဒါယကာ၊ ဒါယိကာမများမှ ကြွရောက်တော်မူလာသော ဆရာတော်/ သံဃာတော် (၂၇) ပါးအား နဝကမ္မလှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပေါက်မှော်ကျောင်းဆရာတော် ဦးပညာဝံသက "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆပ်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တဝိစာရဉာဏ၏ အထ္ထုပ္ပတ္တိ အကျဥ်းကိုပူဇော်ဖတ်ကြားခဲ့ပြီး၊ တာဝန်ရှိသူများမှ "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆပ်ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တဝိစာရဉာဏအရှင်မြတ်အား ဂုဏ်ပြုရွှေတံဆိပ်နှင့် ဂုဏ်ပြုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော် ဦးသြသဓကထံမှ အနုမောဒနတရားများ နာယူကြည်ညိုခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုပူဇော်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ပွဲတော်ကျင်းပရေးကော်မတီဖြစ်သော ကျားပင်းကျောင်းဆရာတော် ဦးစန္ဒာဝရကြီးမှူး၍ ငါးရွာဂေါစရမ်မှ ဒါယကာ၊ ဒါယိကာမများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)