ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရေး သင်တန်းအမျိုးအစားပေါင်း ၁၅ မျိုး ဆက်လက်သင်ကြားလေ့ကျင့်ပေး

ပခုက္ကူ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ နွေရာသီသင်တန်းအမျိုးအစားပေါင်း ၁၅ မျိုးကို မတ်လ ၅ ရက်မှ စတင်ပြီး စနစ်တကျသင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီသင်တန်းများအနေဖြင့် ပန်းချီ၊ ဂီတ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ဘင်ခရာ၊ ကင်းထောက်၊ ကြက်ခြေနီ၊ အိမ်တွင်းမှု (ချက်ပြုတ်၊အထည်ချုပ်)၊ ယဉ်ကျေးလိမ္မာ၊ ကဗျာလွတ်၊ ဘောလီဘော၊ ပိုက်ကျာ်ခြင်း၊ fitness Dance ၊ အေရိုးဗစ်နှင့် တယောတီးသင်တန်းအမျိုးအစားပေါင်း ၁၅ မျိုးဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှစတင်ကာ ပခုက္ကူမြို့ရှိ အခြေခံပညာအထက်တန်း ၅ ကျောင်း၊ အခြေခံပညာအလယ်တန်း ၃ ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) ၃ ကျောင်းနှင့် အခြေခံပညာမူလတန်း ၂ ကျောင်း၊ စုစုပေါင်း ၁၅ ကျောင်းတို့တွင် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားလာစေရန်၊ အစဉ်လေ့လာသင်ယူလိုသော စိတ်ဓာတ်များမွေးမြူတတ်စေရန်၊ သက်မွေးဝမ်းကျောင်းအတတ်ပညာရပ်များ တတ်မြောက်စေရန်၊ နည်းပညာရပ်ဆိုင်ရာ အခြေခံကောင်းများကို ခေတ်နှင့်အညီကျွမ်းကျင်တတ်မြောက်ကြစေရန်၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ပြီး အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၂၉ ဦးတက်ရောက်ကြကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)