တွံတေး မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် သာသနာသမိုင်း၀င် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် ၂ နာရီ ကရွှေဆံတော်စေတီရင်ပြင်ရှိ ဂေါပကတန်ဆောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရွှေဆံတော်ဘဏ္ဍာတော် ထိန်းဂေါပက ဥက္ကဋ္ဌ ဦးအေးကို၊ ရွှေဆံတော်စေတီအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းကြွယ်တို့က သမိုင်း၀င်ရွှေဆံတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ခူးလ (၂၅၉၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေးအတွက် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်နိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များအပါအ၀င် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အတွင်းရေးမှူးဦးစံလင်းကမှ ဘုရားပွဲတော်ကျင်းပနိုင်ရေးအတွက် ပင့်ဖိတ်သံဃာတော်မျာ၊ အလှူရှင်များမှလှူဖွယ်ပစ္စည်းများ ကြိုတင်စီမံနိုင်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနများနှင့် အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့၀င်များမှ ပြည်သူ့လုံခြုံရေးအဖွဲ့များ တာ၀န်ချထားနိုင်ရေးကိစ္စတို့ကို ဆွေးနွေးကြကြောင်း သိရသည်။ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရွှေဆံတော်ဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)