တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပရိတ်တရားတော်နာယူကျင်းပ

ရန်ကုန် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒစရိယအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နေနတ်သားစာသင်တိုက်နာယက ဘဒ္ဒန္တသုစိတ္တ ဆရာတော်ထံမှ ဩဝါဒခံယူပြီး ဆရာတော်များက မဟာသမယ(၇)သုတ်ပါဋ္ဌိတော်ကို ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက်လှူဒါန်းမှုအစုစုတို့အတွက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒစရိယ၊ တိပိဋိကရွေးချယ်ရေးအဖွဲ့အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက လွှတ်တော်ရုံးဝန်ထမ်းများနှင့် အထောက်အကူ ပြုအဖွဲ့များအား ဆန်၊ ဆီ၊ ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်