ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ကွမ်းခြံကုန်း မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဈေးများနှင့်ဒေသခံပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၃ ရက်နေ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံး၌ မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များ၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျကိုင်တွယ်အသုံးပြုနည်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များ မီးလောင်မှုဖြစ်ပါက မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့သွားရန် စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်မျိုးထွန်းက ဆွေးနွေးပြောကြားကာ သရုပ်ပြလေ့ကျင့်ခြင်းများ လက်တွေ့သရုပ်ပြခဲ့ပြီး ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းနည်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)