မချမ်းဘော မတ်၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိမိတို့ဒေသတောတောင်ယာများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ရဝမ်ဘာသာစကားဖြင့် ရှလာမ့်(ခေါ်)တောင်စွန်ဖက်များကို ခူးယူရောင်းချ၍ မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှလာမ့်ခေါ် တောင်စွန်ဖက်များကို ရောင်းချရာတွင် ဖက်ရွက် အရွက်(၂၀)ပါသော ဖက်လိပ်တစ်လိပ်လျှင် နှစ်ထောင်ကျပ်ဖြင့်ရောင်းချပြီး အဆိုပါဖက်လိပ်များကို မချမ်းဘောမြို့ နံနက်စျေးနှင့် ပူတာအိုမြို့နံနက်စျေးများတွင် လည်းကောင်း၊ မချမ်းဘောမြို့နှင့် ပူတာအိုမြို့ရှိ ရိုးရာအစားအစာများ ရောင်းသောဆိုင်များက ဝယ်ယူလျက်ရှိကြောင်းနှင့် အချို့သော ဘာသာရေးဆိုင်ရာ ပွဲတော်များ၊ မင်္ဂလာအခမ်းအနားများနှင့် ရိုးရာအစားအစာဖြင့် တည်ခင်းကျွေးမွေးသော အခမ်းအနားများတွင် ၄င်းဖက်ရွက်ကို မပါမဖြစ် အသုံးပြုလျက်ရှိကြောင်းလည်း သိရသည်။
မချမ်းဘောဒေသရှိ ဒေသခံများအနေဖြင့် မိမိဒေသထွက် ဟင်းသီးဟင်းရွက်၊ စားသောက်ဖွယ်ရာရောင်းချသူများ အနေဖြင့်လည်း ပလတ်စတစ်အိတ်များဖြင့် ထုတ်ပိုးခြင်းမပြုဘဲ ရှလာမ့်ခေါ် တောင်စွန်ဖက်ရွက်များဖြင့်သာ ထုတ်ပိုးရောင်းချသည့်အတွက် ပလတ်စတစ်အိတ် အစားထိုးပစ္စည်းအဖြစ်သာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူဖြစ်ကာ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိသည်။ ဖက်ရွက်များကို တောတောင်များတွင်ရှာဖွေကာ ခူးနိုင်ရင်ခူးနိုင်သလောက် တစ်ရက်လျှင် ဖက်ရွက်(၂၀)ရွက်ပါ အထုပ်(၁၅ )ထုပ်မှ(၂၀)ထုပ်ခန့် ဝင်ငွေအားဖြင့် တစ်ရက်လျှင် သုံးသောင်းကျပ်မှ လေးသောင်းကျပ်ထိ ရရှိကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)