တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ် မြေနေရာတိုးချဲ့ ရွှေ့ပြောင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

မြိတ် မတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁)နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ်မြေနေရာတိုးချဲ့ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်းတည်ဆောက်ခြင်းနှင့် အားကစားကွင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ တည်ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများကိုသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် လုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

မြိတ်မြို့ မြို့မအားကစားကွင်းတွင် ဘောလုံးကွင်းအသစ်ကို မြေဧက(၁၀.၀၆၈)ဧကအဖြစ် မြေနေရာတိုးချဲ့ရွှေ့ပြောင်းရန်အတွက် မြေနေရာရှင်းလင်းခြင်း၊ ဘောလုံးကွင်း ကွင်းအကြမ်းဖောက်လုပ်ခြင်းနှင့် အားကစားကွင်း ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်(၁၈၈၈.၀၂၄)သန်းဖြင့် ကျော်နေစိုး ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဘောလုံးကွင်းအသစ်ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် ဘောလုံးကွင်းအကြမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ငါးရိုးရေစိမ့်မြောင်းပြုလုပ်ခြင်းနှင့် အပြင်ရေထုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး အုတ်စီတိုင်ထောင်ခြင်း(၂၆၅၀)ပေနှင့်  အုတ်တံတိုင်းကာရံခြင်း(၂၁၀၀)ပေ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)