မင်းလှ မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးတွင် မင်းလှစာဖြေဌာမှ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာတော်အရှင်မြတ်တို့အား “စူဠဘွဲ့နှင်းသဘင်” အောင်လက်မှတ်ဆုဆက်ကပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၆) ရပ်ကွက်၊ သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို သံဃာတော်အရှင်မြတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ အောင်ဇေယျုံကျောင်းတိုက်ဆရာတော် ဥူးပဏ္ဍိတထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဩဝါဒကထာများ မိန့်ကြားတော်မူခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးတွင် မင်းလှစာဖြေဌာမှ ဖြေဆိုအောင်မြင်ခဲ့သည့် ပထမငယ် (၃)ပါး အခြေပြုမူလတန်း (၁၂)ပါး စုစုပေါင်း (၁၅)ပါးတို့အား အောင်လက်မှတ်နှင့် ဆုဝတ္ထုပစ္စည်းများအား တာဝန်ရှိသူများမှ အသီးသီးဆက်ကပ်လှူဒါန်းခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)