မြိတ် မတ် ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် နယ်စပ်ဒေသရှိတိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြုအတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝ တိုးတက်မြင့်မားစေရေးအတွက် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁၁) သင်တန်းကို မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲကျင်းပသည်။
သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတို့သမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့်သင်ခန်းစာများ သင်ကြားပေးခဲ့သည်။
ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးပြီး အသိပညာပေးဟောပြောပွဲများပြုလုပ်ပေး၍ ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ်သင်ခန်းစာများနှင့် အဆင့်မြင့်ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ကြားပေးခဲ့ကာ သင်တန်းကို မြိတ်မြို့နယ်မှ (၁၆) ဦး၊ ကျွန်းစုမြို့နယ်မှ (၈) ဦးနှင့် တနင်္သာရီမြို့နယ်မှ (၁) ဦး စုစုပေါင်းသင်တန်းသူ အမျိုးသမီးငယ် (၂၅) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူအား မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အပ်ချုပ်စက်တစ်စုံ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများအား သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းလက်များပေးအပ်သည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးကြသည်။ သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ တစ်ဦးချင်းစီအား သင်တန်းကျောင်းမှ ပိတ်စ၊ သိုးမွှေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်း (၃၈) မျိုးကို ထောက်ပံ့ပေးပြီး စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်းထောက်ပံ့ပေးကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)