လပွတ္တာ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် (၃)မိုင်မြို့သစ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ထိုအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်က သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁)တွင် ထူးချွန်ဆုရရှိသူအားဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းအောင်လက်မှတ်အား တာဝန်ရှိသူများကပေးအပ်ပြီး သင်တန်းသူကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များနှင့် သင်တန်းတစ်ပတ်စဉ် ဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုံမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သတင်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)