တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ

တောင်ကြီး မတ် ၂၇

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်‌ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၈)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၆.၉၇)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးမတက်‌ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကိုဆောင်ရွက်၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးထံမှ ပေးပို့သောသဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး မှတ်တမ်းတင်ခဲ့သည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က ဥပဒေပြု‌ရေးဆိုင်ရာ ကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက်များနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် ကော်မတီဥက္ကဋ္ဌအဖြစ် ဟိုပုံးမြို့နယ်ကိုယ်စားလှယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒီဂေါလ်၊ အတွင်း‌ရေးမှူးအဖြစ် မိုင်းယန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းပါ အဖွဲ့ဝင် (၁၂)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက်များနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် ကော်မတီဥက္ကဋ္ဌအဖြစ် မောက်မယ်မြို့နယ် ကိုယ်စားလှယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦး၊ အတွင်း‌ရေးမှူးအဖြစ် မိုးမိတ်မြို့နယ် ကိုယ်စားလှယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကျော်ပါ အဖွဲ့ဝင် (၁၅)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်‌ရေးကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက်များနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်‌ရေးကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် ကော်မတီ ဥက္ကဋ္ဌအဖြစ် လားရှိုးမြို့နယ် ကိုယ်စားလှယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေ၊ အတွင်း‌ရေးမှူးအဖြစ် မိုင်းတုံမြို့နယ် ကိုယ်စားလှယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာပါ အဖွဲ့ဝင် (၆)ဦး၏ အမည်စာရင်းကို ပြည်နယ် လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက်များနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် ကော်မတီဥက္ကဋ္ဌအဖြစ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွှန့်၊ အတွင်း‌ရေးမှူး မိုင်းတုံမြို့နယ် ကိုယ်စားလှယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထင်အောင်နိုင်ပါ အဖွဲ့ဝင် (၁၁)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ