ချောက် မတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်သော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၁၁)ရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ တိုင်းသံဃနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တတိက္ခသာရထံမှ ငါးပါးသီလခံယူပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်မှ သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့သည်။
ထိုနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာ (၁၈)ပါးကို အလှူငွေဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်သော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုအောင်လက်မှတ်နှင့် အောင်ဆုအလှူငွေများကို ပေးအပ်လှူဒါန်းရာ ပထမငယ်တန်းတွင် တစ်ပါးလျင် ငွေကျပ် (၁၅၉၀၈၀)နှုန်းဖြင့် သံဃာ (၂)ပါး၊ သီလရှင် (၂)ပါး၊ အခြေပြုမူလတန်းတွင် တစ်ပါးလျင် ငွေကျပ် (၁၁၃၀၆၀)နှုန်းဖြင့် သံဃာ (၈)ပါး ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသဝအရှင်သူမြတ်မှ ရေစက်သွန်းချ အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်အသီးသီးတို့က သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များကို လောင်းလှူခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)