အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၌ သင်တန်းများဆင်း

ဘားအံ မတ် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၄)တို့၏ သင်တန်းများဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အသက်မွေးဝမ်းကျောင်းပညာများတတ်မြောက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေးဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းများဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦးအား ရက်သတ္တပတ်(၁၈)ပတ်ကြာ စက်ချုပ်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားလေ့ကျင့်ပေး၍ ရက်သတ္တပတ်(၃)ပတ်ကို လုပ်ငန်းခွင်အကြိုလေ့ကျင့်သင်ကြားမှုများဆောင်ရွက်ပေးခဲ့ကာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းအနေဖြင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ဆောင်မှုသင်တန်းနှင့် အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းများကို သင်တန်းသူ(၂၀)ဦးဖြင့် ရက်သတ္တပတ်(၁၂)ပတ်ကြာ စာတွေ့၊လက်တွေ့သင်ကြား၍ ရက်သတ္တပတ် ၁၂ ပတ်ကြာ ပြည်နယ်အတွင်းရှိ ဟိုတယ်များတွင် On Job Training(OJT)ကာလ လေ့ကျင့်သင်ကြားပြီးစီး၍ ယနေ့သင်တန်းဆင်းခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများအား လက်မှုဘာသာရပ် ၇ မျိုး၊ စက်ချုပ်ဘာသာရပ် ၂၀ မျိုး၊ မုန့်လုပ်နည်း ၅ မျိုး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ဆောင်မှုသင်တန်းသူများအား သင်ခန်းစာ(၈)မျိုး၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းသူများအား သင်ခန်းစာ(၈)မျိုးနှင့် အဆိုပါသင်တန်းသူ(၅၀)ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးပွဲ ၁၃ ကြိမ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် သင်ယူလေ့လာရရှိခဲ့သည့်ပညာရပ်များဖြင့် မိမိဒေသပတ်ဝန်းကျင်တွင် အိမ်တွင်းမှုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်းပြုနိုင်တော့ မည်ဖြစ်သည်။

သင်တန်းဆင်းပွဲတွင် တာဝန်ရှိသူများက ထူးချွန်သင်တန်းသူများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အထောက်အကူပြုပစ္စည်းများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ၎င်းတို့ကိုယ်တိုင်ဖန်တီးချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၇)၊ မော်တော်ယာဉ်/စက်ပြင်သင်တန်းအမှတ်စဉ်(၁၆)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၅)တို့၏ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားကာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ဆောင်ရွက်ပေးခဲ့မှုများအား Power Point အသုံးပြုရှင်းလင်းတင်ပြကာ Sustainabridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းများအလိုက် သင်တန်းထူးချွန်ဆုများနှင့်သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ သင်တန်းဆင်းသင်တန်းသား ၅၈ ဦးအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ကာ သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)